Pages

Thursday, February 7, 2013

အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း


နတ်မောက် မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့က ကျွန်တော့်အား အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း အကြောင်း ရေးပေးရန် စာရေး လိုက်သည်။ ကျွန်တော့် နတ်မောက် မြို့သို့ တခါမျှ မရောက်ဖူး။ သို့သော် နတ်မောက် ဟူသော အသံကပင် ကျွန်တော့် စိတ်ကို လှုပ်ရှား စေလိုက်သည်။ နတ်မောက်နှင့် ကိုအောင်ဆန်း ဆက်စပ် နေသည်။ နတ်မောက်သည် ကိုအောင်ဆန်း၏ ဇာတိ။ ထိုစဉ်က ဖွံ့ဖြိုးစ နယ်ချဲ့ စနစ်ကို တော်လှန် တိုက်ခိုက်သူမှာ ကိုအောင်ဆန်း၏ အဘိုး ဗိုလ်မင်းရောင် ဟူသော သမိုင်းခေတ် အသိက လက်ခနဲ ဝင်ရောက် လာသည်။


နတ်မောက်သည် သမိုင်းဝင် မြို့ကလေး တမြို့ ဖြစ်နေ ပေပြီ။ အမှန်အားဖြင့် ကျွန်တော့်သည် မျိုးရိုး ဗီဇကို ယုံကြည်သူ မဟုတ်။ လူ၏ လုပ်ရပ်ကို ကျွန်တော့်ယုံကြည်သည်။ ခေါင်းဆောင် ဆိုသည်ကို ကျွန်တော့်ယုံကြည်သည်။ ခေါင်းဆောင် ဆိုသည်မှာ မိမိကိုယ်ကို မိမိ ခန့်၍ မရ။ ဆွေမျးက ခန့်၍ မရ။ မိမိ၏ မိတ်ဆွေ အစုလေးက ခန့်၍ မရ။ ပြည်သူက ခန့်အပ်သော ခန့်အပ်လွှာ ပိုင်ရှင် ကိုယ်စားပြု ခေါင်းဆောင်မှု ကိုတော့ ကျွန်တော့် ယုံကြည်သည်။

ယခု ကျွန်တော့်နတ်မောက်ဟု ဆိုလိုက်သော အခါ ကိုအောင်ဆန်း၏ အဘိုး ဗိုလ်မင်းရောင်၊ ကိုအောင်ဆန်း တို့သည် ဆက်စပ်၍ ပေါ်လာသည်။ အမျိုးသား လွတ်မြောက်ရေး ၊ တော်လှန်ရေး နှင့် လည်း ဆက်စပ် နေသည်။ ဒီတော့လည်း မျိုးရိုး ဗီဇကို ယုံရမလို ဖြစ်သွား သည်။ သူတို့သည် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲနှင့်၊ ပြည်သူ လွတ်မြောက်ရေး တိုက်ပွဲများနှင့် ဆက်စပ် နေပါပကော။ကျွန်တော့် မတတ်နိုင်။

[ခ]

အမှန်အားဖြင့် ကိုအောင်ဆန်း အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် ဆောင်ရွက်စဉ်က တက္ကသိုလ် သို့ပင် ကျွန်တော့် မရောက်သေး။ ကိုအောင်ဆန်း အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် ဆောင်ရွက် စဉ် မှာ ၁၉၃၆။ ၁၉၃၆ ကျောင်းသား သပိတ် ဖြစ်ပွားသည့် နှစ်။ ကျွန်တော့် တက္ကသိုလ် ရောက်သည်မှာ ၁၉၃၈။ ၁၉၃၆ က ကျောင်းသား ညီလာခံတွင် ကိုအောင်ဆန်းနှင့် စတင် ဆုံတွေ့ ခဲ့ရသော်လည်း သူနှင့် ခင်မင် ရင်းနှီး သည်မှာ ၁၉၃၈။ ထို့ကြောင့် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် ဆောင်ရွက် နေစဉ် တစ်နှစ်တည်း တက္ကသိုလ် သမဂ္ဂတွင် အတူ လုပ်ခဲ့သူ မဟုတ်တော့ သူ့ကို အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၏ လုပ်ရပ် ကိုတော့ ဖော်ပြ နိုင်မည် မဟုတ်။

အိုးဝေ မဂ္ဂဇင်းမှာ တက္ကသိုလ် သမဂ္ဂမှ ထုတ်ဝေသော မဂ္ဂဇင်း ဖြစ်သည်။ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာကို တက္ကသိုလ် သမဂ္ဂ အမှုဆောင် အဖွဲ့မှ ခန့်အပ် ရသည်။ တက္ကသိုလ် သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ကိုတော့ ရွေးကောက်ပွဲမှ မဲဆန္ဒဖြင့် ခန့်အပ် ရသည်။ ယင်းသို့ သမဂ္ဂ အမှုဆောင် အဖွဲ့ကို ရွေးကောက် ပြီးသော အခါ သမဂ္ဂ အမှုဆောင် အဖွဲ့က အိုးဝေ မဂ္ဂဇင်း အယ်ဒီတာနှင့် စာကြည့်တိုက်မှူး နှစ်နေရာကို ခန့်အပ် ရသည်။ Nomation။ ဤသည်မှာ တက္ကသိုလ် သမဂ္ဂ၏ စည်းမျဉ်း အတိုင်း ဖြစ်သည်။

ယင်းသို့ မဂ္ဂဇင်း အယ်ဒီတာနှင့် စာကြည့်တိုက်မှူးကို ရွေးကောက်ပွဲလျှင် မပါဝင်ဘဲ အမှုဆောင် အဖွဲ့က ခန့်အပ် ရသည် ဟူသော စည်းမျဉ်း ဆွဲခြင်းမှာ အကြောင်း ရှိလိမ့်မည်။ မဂ္ဂဇင်း အယ်ဒီတာ၊ စာကြည့်တိုက်မှူး ဆိုသည်မှာ ပညာရပ် သက်သက်ဖြင့် အရည်အချင်း ရှိရသူ ဖြစ်သည်။ ထို့ကြောင့် ရွေးကောက် တင်မြောက်သော အမှုဆောင် အဖွဲ့တွင် ပညာရပ်နှင့် ဆိုင်သော အရည်အချင်း ရှိသူ ရှိချင်မှ ရရှိမည်။ ထို့ကြောင့် သေချာအောင် အမှုဆောင် အဖွဲ့ ရွေးကောက် ပြီးမှ အမှုဆောင် အဖွဲ့က ခန့်အပ်ခြင်း ဖြစ်မည်ဟု တွေးဆ မိသည်။

မဂ္ဂဇင်း အယ်ဒီတာနှင့် စာကြည့်တိုက်မှူးမှာ ပညာရှင် ဖြစ်သည် ဆိုနိုင်သည်။ ၁၉၃၆ ကျောင်းသား ညီလာခံတွင် ကိုအောင်ဆန်းကို တွေ့စဉ် ကတော့ သူ့ကို စွဲလမ်း သွားသည် မဟုတ်။ ဟန်ပန် အမူအရာကို မစွဲလမ်းခဲ့။ သူ့ပြောဟန် ဆိုဟန်ကို မစွဲလမ်းခဲ့။ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ကိုတော့ ကျွန်တော့် စွဲလမ်းသည်။ ကျွန်တော်က စာသမားကို ချစ်သည်။ ကိုအောင်ဆန်း အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ဖြစ်ရခြင်းမှာ သူ စာသမား   ဖြစ်ခြင်းကြောင့် ဟု ကျွန်တော် ယုံကြည် မိသည်။ သူ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ မှ ထုတ်ဝေသော “မျိုးညွှန့်” မဂ္ဂဇင်းတွင် သူ “လောကဝိဟာ” ဟူသော ဆောင်းပါး ရေး သည် ကို ကျွန်တော် ဖတ်ဖူးသည်။ သဘောလည်း ကျသည်။ သူက ပါဠိဘာသာ ယူသဖြင့် ပါဠိဘာသာ ဖြင့်ပင် သူ့ ဆောင်းပါး ခေါင်းစဉ်ကို တပ်လိုက်သည်။ သူက လူ့လောက ကြီးကို အတွေ့အကြုံ ပညာစုံ သင်ကြားရာ ကျောင်းကြီးဟု တင်စားကာ ဖော်ပြခြင်း ဖြစ်သည်။

၁၉၃၉ ဒဂုန် မဂ္ဂဇင်းတွင် ပါသော “နိုင်ငံရေး အမျိုးမျိုး”ဟူသော ခေါင်းစဉ်လည်း ပါသည်။ ဆိုရှယ်လစ် ဝါဒ၊ မတ်ဝါဒ ရေးရာ စာတစောင်လည်း ဖြစ်သည်။ အရေးအသား ကလည်း မဆိုး။ သူသည် အင်္ဂလိပ် ဘာသာဖြင့်လည်း ရေးသည်။ နိုင်ငံရေးရာနှင့် ပတ်သက်၍ စီမံကိန်းများ၊ အစီအစဉ် များကို အင်္ဂလိပ် ဘာသာနှင့် ရေးမှတ် တတ်သည်ကို ကျွန်တော်ဖတ်ရ ဖူးသည်။

စစ်ပြီးစ ဖဆပလ ညီလာခံတွင် ဥက္ကဋ္ဌ မိန့်ခွန်းကို ပထမ အင်္ဂလိပ် ဘာသာဖြင့် ရေးသည်ကို သိရသည်။ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာကို အထွေထွေ အယ်ဒီတာဟု အင်္ဂလိပ် ဘာသာဖြင့် ခေါ်သည်။ ထိုအခါက တက္ကသိုလ် သမဂ္ဂ စည်းမျဉ်း ဥပဒေကို အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြသည်။ အိုးဝေ မဂ္ဂဇင်းမှာ မြန်မာ - အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေသည်။ အထွေထွေ အယ်ဒီတာသည် အင်္ဂလိပ် ဘာသာရော၊ မြန်မာ ဘာသာပါ တည်းဖြတ် ရသည်။ အထွေထွေ အယ်ဒီတာ (General Editor) ဟု အိုးဝေ မဂ္ဂဇင်းတွင် ခေါ်ဝေါ်သည်။

[ဂ]

၁၉၃၆ ကျောင်းသား ညီလာခံတွင် ကိုအောင်ဆန်းနှင့် တွေ့ဆုံရာတွင် သူ့ကို အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် ကျွန်တော် စွဲလမ်း ခဲ့ရသည်။ သူ မဂ္ဂဇင်း အယ်ဒီတာ ဖြစ်နေ သည်ကို ကျွန်တော် ကျေနပ် နေသည်။ သူသည် စာပေသမား ဖြစ်၍ ကျွန်တော်က စာပေ သမားကို ခင်ချင် နေသည်။ သူ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ဖြစ်သည်မှာ သူ့ အရည်အချင်းနှင့် ထိုက်တန် နေသည်ဟု ကျေနပ် နေမိသည်။ သူက စာသမား ဖြစ်ရုံမက ကျောင်းသား လှုပ်ရှားမှုတွင် သပိတ် ခေါင်းဆောင် ဖြစ်သဖြင့် သူနှင့် ပို၍ လိုက်ဖက် သည်ဟု ကျွန်တော်က ထင်မြင် မိသည်။

တက္ကသိုလ် ရောက်၍ သူနှင့် တွေ့သော အခါ သူနှင့် စာပေ ရေးရာများ ပြောဖြစ်သည်။ သူ စာသမား ဖြစ်သည်ဟု ကျွန်တော်ခံစားမိသည်။ အိုးဝေ မဂ္ဂဇင်း မှာလည်း ၁၉၃၆ ကျောင်းသား သပိတ်ကြောင့် နာမည် ပိုကြီး လာသည်။ မူလက မဂ္ဂဇင်း အမည်မှာ သမဂ္ဂ မဂ္ဂဇင်း ဖြစ်သည် ။ ကျောင်းသား သပိတ် ပေါ်ပေါက်သည့် ၁၉၃၆ တွင် အိုးဝေ မဂ္ဂဇင်း အမည်သစ်ဖြင့် ထုတ်ဝေခြင်း ဖြစ်သည်။

ယင်းအိုးဝေ ဟူသော အမည်ကို ဦးညိုမြက ပေးခြင်း ဖြစ်သည်။ ဆရာကြီး သခင် ကိုယ်တော် မှိုင်း ၏ “ဒေါင်းအိုးဝေ တွန်စေ က စေ” ဟူသော စာပိုဒ်မှ ယူခြင်း ဖြစ်သည်။ ၁၉၃၉ - ၄ဝ စာသင်နှစ်က ကျွန်တော်သည် တက္ကသိုလ် သမဂ္ဂ အမှုဆောင် အဖြစ် မလွှဲ မရှောင် သာ ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ကျွန်တော်လုပ်ချင် သည်က သမဂ္ဂ အမှုဆောင် မဟုတ်။ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာသာ ဖြစ်သည်။ အိုးဝေ မဂ္ဂဇင်း အထွေထွေ အယ်ဒီတာကို ထိုနှစ်က ဂျပ်ဆင် ကောလိပ်မှ ကိုမြတ်စောအား ခန့်ထားသည်။ သို့သော် ကျွန်တော်က အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ လုပ်ချင် နေရာကျွန်တော်ကို မြန်မာစာ ကဏ္ဍ အယ်ဒီတာ အဖြစ် ရွေးချယ် လိုက်သည်။ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ ထုတ်ဝေ သော် လည်း မြန်မာစာ ကဏ္ဍက ပို၍ များသည်။ မြန်မာစာ ကဏ္ဍတွင် ပါဝင် ဆောင်ရွက် ရ၍ ကျွန်တော် က   ကျေနပ် နေခဲ့သည်။

အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ များမှာ ကိုအောင်ဆန်း ပြီးနောက် ကိုညိုမြ၊ ကျွန်တော် ပြီးနောက် ကိုမြစိန် ဖြစ်ကြသည်။ ရန်ပုံငွေ အခက်အခဲကြောင့် နှစ်တိုင်း ထုတ်ဝေ နိုင်သည်တော့ မဟုတ်ပေ။

[ဃ]

ကိုအောင်ဆန်းကို အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် ကြိုက်ရခြင်းမှာ အကြာင်း ရှိသည်။ သူသည် နောင်အခါ အမျိုးသား ခေါင်းဆောင် အဖြစ် ထင်ရှား လာခြင်းမှာ က္ဆွန်တော်၏ စွဲလမ်းမှုသည် ပို၍ လျော်ကန် သည်ဟု ထင်မိသည်။ ကျွန်တော်က အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် စွဲလမ်းခြင်းမှာ အခြားကြောင့် မဟုတ်။ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာသည် ပညာရှင် ဖြစ်ရ မည်။ နိုင်ငံ့ ခေါင်းဆောင် သည်လည်း ပညာရှင် ဖြစ်ရမည်ဟု ကျွန်တော်ယုံကြည် ခဲ့သည်။ ယခုလည်း ယုံကြည် နေဆဲ။ အယ်ဒီတာ ဆိုသည်မှာ ပညာရှင် လည်းဟုတ်၊ စာပေ စည်းရုံးရေး မှူးလည်း ဟုတ်သည်ဟုကျွန်တော် ထင်သည်။ နိုင်ငံရေး ခေါင်းဆောင်သည် ပညာရှင် လည်းဟုတ်၊ နိုင်ငံရေး စည်းရုံးရေး မှူးလည်း ဟုတ်သည်။

ပညာရှင် မဟုတ်လျှင် ဘယ်နှယ့် တိုင်းပြည် ခေါင်းဆောင် ဖြစ်နိုင် ပါ့မလဲ။ ဤနေရာတွင် ပညာရှင် ဟူသော စကားရပ်ကို ရှင်းမှ ဖြစ်မည်။ မရှင်း၍ မဖြစ်။ ပညာရှင် ဟူသည်မှာ ဘွဲ့ရ ဟူ၍ ဆိုခြင်း မဟုတ်။ ဘွဲ့ရ ဆိုသည်မှာ ကျောင်းစာ များကို သင်အံ ကျက်မှတ် ထားခြင်း ဖြစ် သည်ဟု သာမန် ဆိုရမည်။ ပညာ၏ လုပ်ရပ် မပါပေ။ ဘွဲ့ရရုံ ကတော့ ကျောင်း ပညာ အောင် လက်မှတ် ရယူရုံ ဖြစ်သည်။ ဘွဲ့ရရှိ ခြင်းသည် အခြေခံ ရရှိ ထားခြင်း သဘော သာလျှင် ဖြစ် သည်။ ဘွဲ့ကို အသုံး မပြု ရသေး။ အသုံး ပြုတတ်မှ တကယ့် ပညာကို ပိုင်ဆိုင်သည်။ ပညာ ဆိုသည်မှာ အမှား အမှန်ကို ခွဲခြား နားလည် သိရှိခြင်း ဖြစ်သည်ဟုကျွန်တော်ထင်သည်။ ဤသို့ ဆိုလျှင် စာအုပ် ထဲမှ ပညာ မရရှိ နိုင်သလောဟု စောဒက တက်စရာ ရှိသည်။

ဘွဲ့ရဖို့ ကျောင်းစာအုပ် ဖတ်ရမည်မှာ မှန်သည်။ ကျောင်းစာအုပ် ထဲတွင် ပညာ ရှိသည်။ သို့သော် စာအုပ် ထဲမှ ပညာကို ယူတတ်မှ ရနိုင်သည်။ မိမိဘေး၌ စာအုပ် ချထား သူကို ပညာရှင်ဟု မခေါ်နိုင်။

အမှား အမှန် ခွဲခြားပြီး အမှန် ဘက်မှ ရဲရဲရင့်ရင့် မရပ်တည် သူကို ပညာရှင်ဟု မခေါ်နိုင်။ သူ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ဖြစ်စဉ်က သူ တည်းဖြတ်သော မဂ္ဂဇင်း ထဲတွင် ထိုအခါက တက္ကသိုလ် အာဏာပိုင် တဦး၏ မနှစ်မြို့ ဖွယ်ရာ သူတယောက် အကြောင်း ကို ပြောင်လှောင်   ရေးထားသော ဆောင်းပါး ပါသည်။ အင်္ဂလိပ် ဘာသာဖြင့် ရေးသည်။ ရေးသူက ကိုညိုမြ၊ တက္ကသိုလ် သပိတ်မှောက် ကိစ္စ အခိုးအငွေ့များ ထွက်နေစဉ် တက္ကသိုလ် အာဏာပိုင် တို့ က ကျောင်းမှ အယ်ဒီတာ ကိုအောင်ဆန်းကို ထုတ်ပစ် မည်ဟု ခြိမ်းခြောက် ထားသည် ။ ဆောင်းပါး ရေးသူ၏ အမည်ကို ဖော်ထုတ်ပါဟု ဆိုသည်။ သူ မဖော်ထုတ်။ ဆောင်းပါး ရေး သူကို ဖော်ထုတ်လျှင် သူ့ကို ကျောင်း မထုတ်ဘဲ ဆောင်းပါး ရေးသူ ကိုသာ အပြစ် ပေးမည်ဟု ယူဆ ရသည်။

သူက သူ တာဝန် ယူမည်ဟု ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။ ထို့ကြောင့် ကျွန်တော်က အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းကို စွဲလမ်း သွားသည်။

[င]

၁၉၃၆ တွင် ကိုအောင်ဆန်းသည် တို့ဗမာ အစည်းအရုံး ဝင်ကာ သခင် အောင်ဆန်း အဖြစ် ခံယူ လိုက်သည်။ သူသည် တက္ကသိုလ် သမဂ္ဂ ဥက္ကဋ္ဌ အဖြစ်မှ ထွက်လိုက်သည်။ ဤသည်က စ၍ သူ နိုင်ငံရေး သမား ဖြစ်သွားသည်။ ထိုအခါက သူသည် ဝိဇ္ဇာဘွဲ့ ရ၍ ဥပဒေ ဝိဇ္ဇာတန်း တက်နေသူ ဖြစ်သည်။ ၁၃ဝဝ ပြည့် အရေးတော်ပုံ အပြီးတွင် ကိုလိုနီ စနစ်ကို လက်နက်ကိုင် တိုက်မှ အမြစ်မှ လှန်နိုင် မည်ဟု ယူဆကာ လက်နက် အကူအညီ ရရန် အတွက် တရုတ်ပြည် သို့  လျှို့ဝှက်၍ ထွက်ခွာ သွားခဲ့သည်။

တရုတ်ပြည် ကွန်မြူနစ် ပါတီနှင့် ဆက်သွယ်ရန် သွားခြင်း ဖြစ်သည်။ အခြေအနေက မပေး၍ ဂျပန်ပြည်သို့ ရောက်သွား ရသည်။ ဂျပန် ဖက်ဆစ် များနှင့် ပူးပေါင်း သည်ဟု ပြောလျှင် ရနိုင်သည်။ သို့သော် သူသည် ဖက်ဆစ် များနှင့် ကိုယ်ရော စိတ်ပါ ပေါင်းသည် မဟုတ်။ ဖက်ဆစ် စနစ်ကို သူ ခေါင်းဆောင်၍ တော်လှန် ခဲ့သည်။ ထို့နောက် ဖက်ဆစ် ဆန့်ကျင်ရေး   ပြည်သူ့ လွတ်လပ်ရေး အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။ ထိုအခါက ဗိုလ်ချုပ်ကြီး   မောင့်ဘက်တန်က သူ့ကို ဗမာ့ တပ်မတော်၏ အကြီးအကဲ ရာထူး ပေးသည်ကို မယူ။ ဤသို့ဖြင့် ကိုအောင်ဆန်းသည် အမျိုးသား ခေါင်းဆောင် (ဝါ) ပြည်သူ တို့က ရွေးချယ်သော သမိုင်းဝင် ခေါင်းဆောင် ဖြစ်လာ ရပေသည်။

ဤသို့ဖြင့် ကိုအောင်ဆန်းသည် ကျောင်းသား ခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်၊ အမျိုးသား ခေါင်းဆောင် စသည်ဖြင့် အဆင့်ဆင့် ခေါင်းဆောင် ဖြစ်လာ ရခြင်းမှာ သူသည် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာတည်း ဟူသော ပညာရှင် အဆင့်မှ စတင်၍ ပညာရှင် ပီသစွာ အမှန် ဘက်မှ ရဲရဲရင့်ရင့် ရပ်တည် ဆောင်ရွက် နိုင်ခြင်းကြောင့် ဖြစ်သည်ဟု ကျွန်တော်က ယုံကြည် နေသည်။


နတ်မောက် မဂ္ဂဇင်း၊ အမှတ် (၂)၊ ဖေဖော်ဝါရီလ၊ ၁၉၉၁

No comments:

Post a Comment